January 25, 2014 at 11:33am
အမှတ်မထင်
နောက်ကနေ ဆတ်ကနဲ ဆွဲလုခံလိုက်ရတာမို့ ဟန့်တားဖို့ မစဉ်းစားနိုင်ဘဲ
အလွယ်တကူ လက်လျှော့လိုက်ရပေမယ့် စိတ်ထဲကနေတော့ မကျေနပ်နိုင်။
သံယောဇဉ်မပြတ်နိုင်စွာ ငေးကြည့်နေပေမယ့် တစ်ဖက်လူဆီမှာ သနားမယ့်
အရိပ်အယောင် အစအနတောင် မမြင်ရ။ လက်ကို မလိုအပ်ပဲ ခပ်ကြမ်းကြမ်းလွှဲပြီး
ပစ်လိုက်တဲ့ နေရာဆီအထိ ငုံ့ကိုင်းကြည့်ချင်ပေမယ့် အခြေအနေ မပေးခဲ့။
အံ့သြစိတ်ပျက်ဟန် အထင်းသား ပေါ်လွင်နေတဲ့ မျက်နှာအမူအယာတွေကို မသိချင်ယောင်ဆောင်နေဖို့ ကြိုးစားပေမယ့် အရာမထင်။ မျက်နှာချိုသွေးလို့လဲ အပြစ်လျှော့ပေါ့ပေးဖို့ အလားအလာ မမြင်ရမယ့် အတူတူ ခပ်တင်းတင်းအနေအထားနဲ့ နေပြမှ မျက်နှာထား နည်းနည်းဆီ ပြန်လျော့သွားကြတယ်။ ဒါတောင် လုံးလုံးခွင့်လွှတ်မယ့် လက္ခဏာမရှိ။ သူမကလဲ သူမပါပဲ။ အားလုံးအိပ်ပြီထင်ပြီး ဆေးဗူးကို ထုတ်ခဲ့မိတာ။ ဘယ်အချိန်ကတည်းက အခုလို လုပ်ဖို့တိုင်ပင်ပြီး အိပ်ချင်ယောင်ဆောင်ပြီး စောင့်ဖမ်းဖို့ ရည်စူးထားကြသည်မသိ။ ဆေးဗူးအပိတ်တောင် အပြည့်အဝ လှည့်မဖွင့်ရသေးခင် ဆတ်ခနဲ ဆွဲလု လွှင့်ပစ်ခံလိုက်ရတော့တာပဲလေ။ သွားပါပြီ။ ဒီညတော့ သူမ အိပ်ရေးပျက်ပါပြီ။ ဒီအိပ်ဆွေးတွေ မကူပဲ အိပ်မပျော်ခဲ့တာ ဘယ်လောက်ကြာပြီလဲ။ တစ်ပတ်လား နှစ်ပတ်လား။ သူမ မသိတော့ဘူး။ ညဘက်တွေဆို အကျင့်ပါနေတဲ့ စိတ်နဲ့ မျက်လုံးက ခေါ်သူမဲ့ ဖုန်းစင်ဆီ တစ်ဝဲလည်လည်မို့ သူမအတွက် အိပ်ပျော်ခြင်းဆိုတာ ဘယ်ဆီ ဘယ်ဝယ်ရောက်နေမှန်း မသိတော့။ သူမအိပ်ပျော်ဖို့ အဖော်လေးတွေကိုမှ သူတို့ ရက်ရက်စက်စက် လွှင့်ပစ်ရက်ကြသည်။ ပြန်ပေးကြပါ။ ငါ့ကိုသနားကြပါ။ သူတို့မရှိရင် ငါအိပ်မပျော်လို့ပါ။ သူမ အာခေါင်ခြစ် အော်လိုက်မိတာမို့ နွယ်တစ်ယောက် သူမပုံစံကို မမြင်ရက်စွာ မျက်ရည်တွေတွေ စီးကျလာတာကို မြင်လိုက်ရတာမို့ နွယ့်ဘက် လှည့်တောင်းပေမယ့် အချည်းနှီးသာ။ ကျန်တဲ့နှစ်ယောက်ကတော့ မျက်နှာကြီးနီမြန်းပြီး တတ်တခတ်ခတ်နဲ့မို့ သူမကို ပိုလို့တောင် သနားဖို့ လမ်းမမြင်။ သူမ ဘာဆက်လုပ်ရမလဲ။ အိပ်ဆေးမသောက်ဘဲ အိပ်ရင်တော့ သေချာပေါက် သူမ ဒီညကို ဖြတ်သန်းနိုင်မယ်မထင်။ သူမမှာ အိပ်မပျော်ခြင်းတွေ ဂုတ်ခွစီးထားတာ ဘယ်လောက်ကြာပြီလဲ။ အား သူမ တကယ်ရူးသွားနိုင်တယ်။ သူမကို ရူးသွားစေချင်ကြတာလား။ သူမ မျက်စိစုံမှိတ် ဟစ်အော်သောင်းကျန်းပေမယ့် သူမအတွက် အဲဒီညက အိပ်ဆေးပြန်မရခဲ့။ သူမလိုပဲ သူတို့သုံးယောက်လုံးလဲ မအိပ်ခဲ့ကြ။ တကယ်တော့ အဲဒီကာလတွေဟာ သူမအတွက် အရှင်လတ်လတ် ကျရောက်ခဲ့တဲ့ ငရဲတမျှ နေ့ရက်တွေဆိုတာ ဘယ်သူမှ မသိနိုင်ခဲ့ပါဘူး။
*********************************
"ဒါဆို ညို့သူငယ်ချင်းတွေက ညို့အပေါ် တော်တော်ကောင်းတာပဲနော်"
သူမ ခေါင်းညိတ်ပြတာကို ကိုသူရဇော် မြင်မှာမဟုတ်။ ကန်တော်ကြီးရေပြင်ဆီကို သူ့အကြည့်တွေ နက်နက်ရှိုင်းရှိုင်း စိုက်ဝင်နေတာမဟုတ်လား။ အင်းလေ။ သူလဲ ဒီလောက်တော့ တုန်လှုပ်သွားမှာပေါ့။ သူသိတဲ့ နွယ်လေးညိုနဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်က နွယ်လေးညို တူမှ မတူတာ။ လူတစ်ယောက်ဆီမှာ အခြားလူ မမြင်နိုင်တဲ့ အမှောင်ခြမ်းဆိုတာ ရှိနိုင်တာပဲလေ။ အခု သူမရှေ့မှာ ရှိနေတဲ့ ကိုသူရဇော်ဆိုတဲ့ လူမှာကော။ မဖြစ်နိုင်ပါဘူးလေ။ အရာရာ စာအုပ်ကြီးထဲက အတိုင်း တသမတ်ထဲ လုပ်တတ် ကိုင်တတ်တဲ့ ဒေါက်တာသူရဇော်မှာ လူသိမခံဝံ့တဲ့ အမှောင်ခြမ်းဆိုတာ ဘယ်ရှိနိုင်ပါ့မလဲ။ အဲလို လူတစ်ယောက်က သူမလို အဖြစ်မျိုးတွေ ကြုံဖူးဖို့ နေနေသာသာ ကြားတောင်ကြားဖူးမယ် မထင်။ အဲဒီလို လူတစ်ယောက်က သူမအပြစ်တွေကို အလွယ်တကူ လက်သင့်ခံပါ့မလား။ ဘယ်လက်သင့်ခံနိုင်ပါ့မလဲ။ ကိစ္စမရှိပါဘူးလေ။ သူမဘဝအတွက် အချစ်နဲ့ လက်တွဲဖော်ဆိုတာ မစားကောင်းတဲ့ အသီးလို ရှောင်ကိုရှောင်ကျဉ်ရမယ် မဟုတ်လား။ အခုလို ဖွင့်ပြောလိုက်လို့ နောက်ဆုတ်သွားတော့လဲ သူမရည်ရွယ်ချက် အောင်မြင်တာပေါ့။ အင်း တကယ်တမ်း သူရဇော်ဆိုတဲ့လူ နောက်ဆုတ်သွားရင်ကော သူမပျော်နိုင်ပါ့မလား။ ဟင့်အင်း ရာခိုင်နှုန်းပြည့်တော့ ဘယ်ပျော်နိုင်မလဲလေ။ ကလေး အရူးအမူးချစ်တတ်တဲ့ သူ့မှာ ဝံပုလွေနှလုံးသား မရှိဘူးဆိုတာ သူမ သေချာသိနေတာပဲ။ ဒါပေမယ့် အဲဒီအချက်လောက်နဲ့တော့ သူမဘဝကြီးတစ်ခုလုံးနဲ့ ချီပြီး အလဲအထပ်လုပ်ဖို့ လုံလောက်တဲ့အကြောင်းမှ မဟုတ်တာ။ ဒီတစ်ကြိမ်ထပ်ပြီး တစ်ဘဝစာလုံး နာကျင်ရရင် သူမ နလန်ထူနိုင်တော့မယ် မထင်။ အခုတစ်ကြိမ် ထပ်ပြီး နွယ်လေးညိုဆိုတဲ့ မိန်းမတစ်ယောက်က အချစ်အတွက် အမှတ်မရှိ တွေဝေချင်နေပြန်ပါပြီ။ အင်းလေ။ သူမလဲ ပုထုဇဉ်လူသားတစ်ယောက်ပဲလေ။ အက်နေတဲ့ အသည်းပိုင်ရှင်မှာလဲ ချစ်ခြင်းအသစ် ဖြစ်နိုင်သေးတာပဲမဟုတ်လား။ မဟုတ်သေးဘူး။ ဒါ အချစ်မဟုတ်သေးဘူး။ အထီးကျန်လွန်းလို့ တစ်ခါတစ်ရံ ဖြစ်တည်လာတဲ့ မက်မောသာယာမှုတစ်ခုပဲ။ သေချာပါတယ်။ ဒါဟာ အချစ်ယောင်ဆောင်ထားတဲ့ ဖျားယောင်းမှုတစ်ခုပဲဆိုတာ။
"တကယ်ပဲ သေချာနေပြီလား ထပ်မစဉ်းစားပေးတော့ဘူးလား"
လေးနက်ခိုင်ကျည်မှုတွေ အတိုင်းတိုင်းပေါ်လွင်နေတဲ့ မျက်ဝန်းတစ်စုံရဲ့ မျှော်လင့်ချက်ကို ပစ်ပစ်ခါခါငြင်းဖို့ဆိုတာ လွယ်တော့မလွယ်ကူဘူးဆိုတာ သူမ သိပြီးသားပါ။ ဒါပေမယ့် ငြင်းမှဖြစ်မယ်။
"ထပ်စဉ်းစားဖို့ မလိုတဲ့ကိစ္စပါ။ အချစ်တွေ သစ္စာတွေဆိုတာ ယောက်ျားတွေနဲ့ မတန်တဲ့အရာပါ တကယ်က တပ်မက်မှုကို ဖုံးကွယ်ဖို့ အကောင်းဆုံးစကားလုံးက အချစ်ပဲလေ ကျွန်မကတော့ အဲလို ခံယူထားတယ်"
"ပြတ်သားလှခြည်လား ညိုရယ်" မချိတင်ကဲ အသံမှန်း သူမသိပါတယ်။ ဒါပေမယ့် သူမကိုယ်တိုင် ထွေးပြီးသား တံတွေးကို သူမပြန်မျိုဖို့ဆိုတာ ဖြစ်မှ မဖြစ်နိုင်တော့တာ။
"ကိုသူရဇော်ကို အခု ညိုပြောပြလိုက်တာက ညို သေကြောင်းကြံဖူးတယ် ဆိုတာလောက်ပဲ ပါသေးတာ။ အဲဒီလို လုပ်ရခြင်းရဲ့ အဓိက အရင်းအမြစ်ကို ပြောဖို့ ကျန်သေးတယ်။ ကိုသူရဇော် နားထောင်ရဲမယ်ဆိုရင်ပေါ့။"
ကိုသူရဇော် ဆက်ကနဲ ခေါင်းညိတ်လိုက်သလား။ ဟုတ်မယ်ထင်ပါရဲ့။ သူမ မျက်ဝန်းရဲ့ အကြည်ဓာတ်တွေ ဝါးသွားတာမို့ သေချာမမြင်လိုက်ရ။ သူမ မြင်ကွင်းရှေ့က ကန်တော်ကြီးရေပြင်ကြီး ရုတ်တရက်ပျောက်သွားခဲ့ပြီး ပေါ်လာတာက လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က နွယ်လေးညိုရဲ့ ဖြစ်ရပ်အဖုံဖုံ။ အခု နွယ်လေးညိုက အရင်နွယ်လေးညိုကို ပြုံးပြနိုင်ဖို့ အသင့်ဖြစ်ပြီထင်ပါရဲ့။
**********************************
"ချစ်နဲ့ မောင်က လင်မယားပေါ့ ဟုတ်လား"
ပျော့ပြောင်းရှည်လျားတဲ့ ဆံနွယ်ညိုတွေကို သိမ်းစုချည်နှောင်ရင်း ကုတင်ပေါ်က ချစ်ရသူဆီ သေချာအောင် လှမ်းအတည်ပြုပေမယ့် သူမမျက်ဝန်းရဲ့ ပိုင်ဆိုးသေချာမှုကိုတော့ မဖုံးဖိနိုင်ခဲ့။ တစ်သက်မှာ တစ်ခါရူးမိုက်ခဲ့မိပေမယ့် သူမ ပျော်နေခဲ့တာ သေချာပါတယ်။ သူမကို အရမ်းချစ်ပြီး သူမကလဲ ချစ်ရတဲ့ လေးစားရတဲ့ သူမချစ်သူကို သူမဘဝတစ်သက်တာလုံးစာ ပိုင်စိုးခွင့် ပေးလိုက်မိတဲ့နေ့ကို သူမ ဘယ်တော့မှ မမေ့နိုင်ခဲ့။ မေ့လို့လဲ မရခဲ့။ နှစ်ဖက်မိဘရဲ့ ယုံကြည်မှု သဘောတူညီမှုကို စောစီးစွာ အခွင့်ကောင်းယူခဲ့မိပါလားရယ်လို့ သူမ အဲဒီတုန်းက နောင်တ မရခဲ့တာ သေချာပါတယ်။ သူမဘဝရဲ့ အချစ်ရဆုံး ချစ်သူက သူမရဲ့ လင်ယောက်ျားဖြစ်ပြီဆိုတဲ့ အသိနဲ့တင် တစ်လောကလုံးကို သူမခါးစောင်းတင်ဝံ့ပြီ။ သူမ သူ့ကို ပိုင်ပိုင်နိုင်နိုင်ရှိပြီ ဆိုတဲ့ အသိပဲ ကြီးစိုးပျော်ရွှင်နေခဲ့မိတာပေါ့။ ကိုယ်က မိန်းကလေး အနေအထိုင် အသွားအလာ ဆင်ခြင်ရမယ်ဆိုတဲ့ မိဘစကားကို သူမလို သမီးလိမ္မာလေးက တခဏတာသာယာမှုမှာ မေ့ပျောက်ခဲ့မိပါလားဆိုတဲ့ စိုးရိမ်စိတ်လဲ မရှိခဲ့။ တကယ့်ကို ခမ်းနားသိုက်မြိုက်တဲ့ ချစ်ခြင်းတစ်ခုကို သူမပိုင်ဆိုင်လိုက်ပြီဆိုတဲ့ အသိကသာ တစ်ချိန်လုံး ကြီးစိုးနေခဲ့တာ သေချာပါတယ်။ ဘဝနှစ်ခု တစ်ထပ်ထဲဖြစ်ပြီဆိုတဲ့ ကျေနပ်ပီတိက သူမတစ်ယောက်ထဲရဲ့ ခံစားချက်သက်သက်ဆိုတာ အဲဒီတုန်းက မြင်အောင်မကြည့်မိခဲ့။ အင်းလေ။ တကယ်တော့ အချစ်နွံထဲ သက်ဆင်းမိတဲ့ သမင်ပျိုရဲ့ မျက်ကန်းတစ္ဆေမကြောက် ခံစားချက်တွေပေါ့။
အစစအရာရာ အနိုင်ယူချင်တဲ့ သူမ အဲဒီနေ့ရဲ့ နောက်ပိုင်းရက်တွေမှာ တစစသိသိသာသာ အရေးနိမ့်စပြုလာခဲ့ပြီ။ အရင်က သူမကို သဝန်တိုခဲ့သမျှ အခုတော့ သူမအလှည့်ဖြစ်ခဲ့ပြီ။ သူမပြောနေကြ တီတီတာတာ အသံတွေ သူ့နားဝင်ကို မချိုမြိန်စေတော့ပါလားဆိုတာ သူမ တစတစ ရိပ်မိသိရှိခဲ့ပြီ။ ငုံးဆူလူမသိ သူမဖြစ်အင်တွေကို ဘယ်သူ့ကိုမှ ဖွင့်ဟတိုင်ပင်လို့ မရတဲ့ဘဝ။ သူမကို ချစ်မြတ်နိုးလှပါချည်ရဲ့ တဖွဖွဆိုခဲ့တဲ့ နှုတ်ခမ်းတွေဆီက သူမ အရှက်နဲ့ သိက္ခာကို ထပ်ခါတလဲလဲ ရိုက်ချိုးခံခဲ့ရပြီ။ သူမ ဘာဆက်လုပ်ရမလဲ။ သူမကို ဖျာလိုခင်းပြီး အကြိမ်ကြိမ်နင်းတာကို သူမ ရင်နာနာနဲ့ ခါးစည်းခံခဲ့ရပြီ။ သူလဲ ယောက်ျားတွေထဲက ယောက်ျားတစ်ယောက်ပါလားဆိုတာ သူမ အသိနောက်ကျခဲ့ပြီ။ သူမအတွက်တော့ အခါလွန်မိုး အခါလွန်နောင်တနဲ့ အခါလွန်အချစ်တွေဖြစ်ခဲ့ရပြီ။
****************************************************
"မောင် ချစ်ကို ယူမှာလား"
သူမ မေးတိုင်း ဟင့်အင်းလို့ မဖြေပေမယ့် ပညာရှိနည်းနဲ့ သူမကို လှလှပပ စတင်နှိပ်စက်စပြုလာခဲ့ပြီ။ သူမရဲ့ စေတနာ မေတ္တာ အကြင်နာ ယုယမှုအားလုံး သဲထဲရေသွန်ဖြစ်စပြုလာပြီ။ သူမ သူ့ကို အရမ်းချစ်တယ် အဆုံးရှုံးမခံနိုင်ဘူး။ ဘဝမှာ ပထမဆုံးဖြစ်တည်လာတဲ့အချစ်။ ပြီးတော့ သူမ အသက် ငယ်သေးပေမယ့် အချစ်အတွက်တော့ တရားလွန်မိုက်မဲခဲ့မိပြီးသား ဖြစ်ခဲ့ပြီ။ ငယ်ရွယ်တဲ့နှလုံးသားနုနုလေးနဲ့ ချစ်ရတဲ့ အချစ်ပေမယ့် အနက်ရှိုင်းဆုံး ချစ်ခဲ့ရတာပါ။ ခိုင်မြဲစွာ ချည်နှောင်တယ်လို့ သူမယူဆခဲ့တဲ့ ကြိုးက အခုတော့ သူမလည်ပင်းမှာ လှလှပပ ပတ်ချည်လို့။ အခုမှ ဆုတ်လဲစူး စားလဲ ရူးရတဲ့အဖြစ်နဲ့ သူမကြုံနေရပြီ။ ကူသူမဲ့ သူမအတွက် အဖော်က မျက်ရည်စတွေသာ။ သူမနဲ့ သူ့ရဲ့ အချစ်နေဝင်ချိန် စောစောစီးစီး ရောက်မလာစေဖို့ သူမ မျှော်လင့်ခဲ့ပေမယ့် တောင်းဆုမပြည့်ခဲ့။ သူမအချစ်တွေရဲ့ ကျဆုံးခန်းကတော့ လှပပျော်ရွှင်မှုတွေ ဆိတ်သုဉ်းလို့။ တကယ်တော့ အရာရာကို သူမ မျှော်လင့်တွက်ချက်ခဲ့မိပြီးသားပါ။ တကယ်တမ်း လက်တွေ့ရင်ဆိုင်ရချိန်မှာတော့................
*****************************************
"ချစ်ကို ပြောစရာရှိတယ်"
"အင်းပြောလေ မောင်"
ချစ်သူရဲ့ မျက်နှာကို ပြဌာန်းစာအုပ်တစ်အုပ်ထက် ကျေညက်နေတဲ့သူမ ဘာပြောမယ်ဆိုတာကို ခန့်မှန်းနိုင်ခဲ့ပြီးသား။ ကျားခံတွင်းထဲက အစာလို သူမဘဝကြီးက တစ်နေ့ရွှေ တစ်နေ့ငွေနဲ့ တဖြေးဖြေးဈေးကျခဲ့ပြီမို့ အခုအချိန်မှာ သူသာလျှင် သူမဘဝရဲ့ ဧကရာဇ်။ သူမဘဝရဲ့ ဖြစ်တည်မှုအားလုံးက သူ့အပေါ် မူတည်နေခဲ့ပြီ။ အခုလဲ သူပြောမယ့် စကားက သူမအတွက် နားဝင်ဆိုးစေတဲ့ စကားမဖြစ်ပါစေနဲ့ပဲ ဆုတောင်းနိုင်ခဲ့တယ်။ တကယ်တော့ သူမ ဆုတောင်းမပြည့်ခဲ့ပါဘူး။
"မောင့်ကိုလေ သိလား ကျောင်းမှာ ကောင်မလေးတစ်ယောက် အတင်းလိုက်ကပ်နေတယ်"
"ဘယ်လို"
"ဟုတ်တယ်။ သူ့ကိုယ်သူ လေးကလေ လေးကလေနဲ့။ ချစ်လောက်တော့ မချောပါဘူး။ အဲ အရပ်ကတော့ အရှည်ကြီးပဲ မောင့်လောက်နီးနီးပဲ။ မောင့်ကိုခေါ်တာလဲ ကိုတဲ့ သူ့နာမည်ကလဲ အဆန်းလေး လေးမြနွယ်တဲ့"
"ဘာရယ် မောင် ဘယ်လို"
သူမ အလန့်တကြား ပြန်မေးလိုက်မိတယ်။ တကယ်က သူမ မကြားလို့မဟုတ်ပါဘူး။ အကြားအာရုံတွေရဲ့ ခံနိုင်ရည် ကျော်လွန်သွားခဲ့တာပါ။ ဒါကို သူကတော့ ရိပ်မိပုံမရ။ ပျော်ရွှင်ဂုဏ်ယူလိုဟန်တွေ အထင်းသား။ မစားရဝခမန်း ရယ်ရွှန်းပက်ရွှန်း ဖြစ်နေလိုက်တာ။
"အဲဒါ သူ့သူငယ်ချင်းတွေ အကုန်လုံးကို မောင်က သူ့ရည်းစားပါဆိုပြီး မိတ်ဆက်ပေးတယ်ဗျာ"
"ဘုရားရေ မောင့်မှာ မိန်းမရှိတာ မပြောလိုက်ဘူးလား"
သူမ မျှော်လင့်တကြီး ပြန်မေးလိုက်ခဲ့မိပေမယ့်
"အာ ဘယ်ပြောလို့ ကောင်းမလဲ ရှက်သွားမှာပေါ့ ထားပါ မောင်ပြန်မကြိုက်ရင် ပြီးတာပဲမလား အဲချမ်းသာတာတော့ အတော်ချမ်းသာတာသိလား ကိုယ်ပိုင်ကားနဲ့ လာတာ ကျောင်းကို ပြီးတော့ သူ့အဖေကလဲ အင်ဂျင်နီယာဆိုလားပဲ"
အလွယ်တကူ ပြီးပြီးရော ပြောလာတဲ့ ချစ်သူ့စကားက ထက်မြတဲ့ ဓားတစ်ချောင်းလို သူမအသည်းကို ထုတ်ချင်းခတ်သွားခဲ့ပြီ။ သူက အချစ်ထက် ငွေကြေးဓနတွေကို တန်ဖိုးထားတဲ့လူလား။ ဒါကို သူမအစက ဘာလို့ သတိမထားခဲ့မိတာလဲ။ သူမကိုတော့ အညှာလွယ်တဲ့ မိန်းမတစ်ယောက်လို ပုတ်ခတ်နေကျ သူ့စိတ်က အခုလို ယောက်ျားတစ်ယောက်ကို စချဉ်းကပ်တဲ့ မိန်းမတစ်ယောက်အပေါ်တော့ ချစ်စနိုးနဲ့ ကလေးဆန်တယ်လို့ သတ်မှတ်သတဲ့လား။ သူမ အချစ်နေဝင်ချိန်ဟာ မထင်မှတ်ပဲ စောစီးစွာ ရောက်လာခဲ့ပြီပေါ့။ တကယ်တမ်း ရင်ဆိုင်ရတော့ သူမ ဒူးမခိုင်ခဲ့။ ဘဝကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျှော်ကိုဖြစ်လို့။ အချစ်ကို ယုံကြည်ကိုးစားခဲ့တဲ့ နွယ်လေးညိုရဲ့ကျဆုံးခန်း ဘဝတစ်ခုလုံးစာအတွက် ကြေမွသွားခဲ့ရတဲ့နေ့။ သူမအတွက်တော့ ဘယ်တော့မှ မေ့လို့မရတဲ့နေ့ပေါ့။
"မောင့်ကို ဒီနေ့ မက်စေ့ပို့တယ်သိလား"
ဘယ်သူ့ဆီကလဲလို့ သူမပြန်ပြီး မေးစရာမလိုခဲ့။ သူ့ဆီကို အခုရက်ပိုင်း မက်စေ့ပို့တဲ့လူဟာ လေးမြနွယ်ဆိုတဲ့ ဟိုမိန်းမက လွဲလို့ ဘယ်သူရှိမှာလဲ။ ဆက်ပြောလေလို့ သူမပြောလိုက်ခဲ့မိသလား။ ဒါမှမဟုတ် သူ့ဘာသာပဲ ဆက်ပြောခဲ့သလားဆိုတာ သူမစဉ်းစားလို့ မရနိုင်တော့။
"သူ့ကို မွေးနေ့လက်ဆောင် အာဘွားပေးမယ်ဆိုပြီး ကောင်လေးတစ်ယောက်က လာပြောနေတယ်လို့ မောင့်ကို မက်စေ့ပို့တယ်။ အဲဒါ မောင့်ဆီကို လှမ်းမေးတာတဲ့ မောင်ကလွဲပြီး သူဘယ်သူ့ကိုမှ မကြည်ဖြူဘူးတဲ့။ သူ့အပေါ် မောင့်သဘောထားက ဘယ်လိုလဲတဲ့။ မောင့်ကိုပဲ သူချစ်တယ်တဲ့"
သူမခန္ဓာကိုယ်ထဲက ရှိသမျှ အင်အားတွေ တစ်စုံတစ်ယောက်က ဆွဲနှုတ်ယူသွားသလို သူမခံစားလိုက်ရတယ်။ သူဟာ သူမ ဘဝတစ်ခုလုံးစာ ပုံအပ်ခဲ့တဲ့ ချစ်သူတစ်ယောက်မှ ဟုတ်သေးရဲ့လား။ သူမ ချစ်မြတ်နိုးခဲ့ရတဲ့ တည်ကြည်လေးနက်မှုတွေ ယုံကြည်အားကိုးလောက်စရာတွေက အချိန်အတိုင်းအတာ တစ်ခုအတွင်း ဘယ်ဆီများ တိုးဝင်ပျောက်ကွယ်သွားပါလိမ့်။ အဲဒီနောက် အဖြစ်အပျက်ကတော့ သူမဘဝအတွက် ပြန်မမှတ်မိချင်လောက်အောင် စုတ်ပြတ်မွှစာကြဲလို့။ တစ်ယောက်ကိုတစ်ယောက် အပြင်းအထန် ထိုးနှက်တိုက်ခိုက်လို့။ တစ်ယောက်အားနည်းချက်ကို တစ်ယောက်က လက်နက်အဖြစ် အသုံးပြုလို့။ တကယ့်ကို ရှေ့တန်းစစ်မြေပြင်က ရန်သူကြီးနှစ်ယောက်လိုပါပဲ။ တစ်ခါတုန်းက အသက်တမျှချစ်ခဲ့ရသူ သည်းဦးပုံအပ်မြတ်နိုးရတဲ့သူ ကြင်စဦး ဇနီးမောင်နှံတစ်မျှ ရင်းနှီးခဲ့ရတဲ့ ချစ်သူရဲ့ နောက်ဆုံးရွေးချယ်မှုက သူမ မဟုတ်ဘူးတဲ့လား။ သူမ ချားရဟတ်ပေါ် ရောက်နေသလို ခံစားလိုက်ရတယ်။ မြေကြီးထဲ သူမ တဖြေးဖြေးကျွံဝင်သွားခဲ့သလိုမျိုး သူမ ခန္ဓာကိုယ်က သူ့ခြေဖဝါးအောက်မှာ ပုံအပ်ပြားကပ်လို့။ သူမ တကယ့်ကိုသိလိုက်ပါပြီ။ ယောက်ျားတွေမှာ အချစ်မရှိဘူး။ လက်သာရာနဲ့ အနေနီးစပ်မှုပဲ ရှိတယ်ဆိုတာ။ အဲဒီ လေးမြနွယ် ပိုက်ဆံဘယ်လောက်ရှိတယ် နွယ်လေးညို ဘယ်လောက်မွဲတယ်ဆိုတာ သူ့ဘဝရဲ့ အရေးကြီးဆုံး ဆုံးဖြတ်ချက်အတွက် တိုင်းထွာမှုတစ်ခုပဲပေါ့။ သူမ အချစ်တွေ သံယောဇဉ်တွေ သစ္စာရှိမှုတွေ နားလည်ပေးမှုတွေထက် သူလိုချင်တာ ဘာလဲဆိုတာ သူမ သိခဲ့ရပြီ။ တကယ်က သူမနားလည်မှုလွဲခဲ့တာ။ သူမ အမှားကြီး မှားသွားခဲ့ပြီ။ ဘဝမှာ ပြင်မရတဲ့ အမှားတစ်ခု သူမ ကျူးလွန်ခဲ့မိပြီဆိုတာ သူမ တော်တော်နောက်ကျမှ သိခဲ့ရပြီ။ အရာရာကို မငဲ့ကွက်တတ်တဲ့ ယောက်ျားတစ်ယောက်ရဲ့ သစ္စာမဲ့မှုကို နွယ်လေးညို ခံစားခဲ့ရပါပြီ။ တစ်ဘဝစာ အမှားနောင်တကို သူမ တစ်သက်လုံး ခေါင်းမဖော်နိုင်အောင် ခါးစည်းခံပေဦးတော့။ သူမ သေချင်တယ်။ သေခွင့်ပေးပါ။ သူမကို သေခွင့်ပေးကြပါ။
******************************************************
သူမရှေ့က မြင်ကွင်းအဖုံဖုံ ပုံမှန်ပြန်ဖြစ်သွားခဲ့ပြီ။ ပိတ်ကားထက်က ရုပ်ရှင်ဇာတ်ကွက်လို တစ်ခန်းရပ်သွားခဲ့ပြီ။ အခုမှ သူမဘေးမှာ ကိုသူရဇော် ရှိနေပါလားဆိုတဲ့ အသိပြန်ဝင်လာခဲ့ပြီ။ ကဲ ဒီလောက်ဆို နွယ်လေးညိုအကြောင်း သူရဇော်ဆိုတဲ့ ယောက်ျားတစ်ယောက် သိလောက်ပြီပေါ့။ သတီပါဦးမလား။ သူလည်းပဲ အဖူးအညွန့်လေးမှ တို့ဆိတ်ချင်တဲ့ ယောက်ျားထဲက ယောက်ျားတစ်ယောက်ပဲလေ။
"အဲဒီ အချက်တွေက ညို့ကို ကိုယ်လက်ထပ်ဖို့ကိစ္စနဲ့ ဘာဆိုင်လို့လဲ။ တကယ်တော့ ညို ကိုယ့်ကို အထင်သေးနေတာပဲ။ ကိုယ်က ညို့အတိတ်တွေကို စိတ်မဝင်စားဘူး။ အခုလက်ရှိ အနေအထားနဲ့ ညို့ကိုပဲ စိတ်ဝင်စားတယ်။ အဲဒါကလဲ ညို အထူးကုဆရာဝန်မို့ ဘာမို့ ညာမို့ မဟုတ်ဘူးနော်။ တကယ်ဆို ညို ကိုယ့်စိတ်ဘယ်လိုဆိုတာ သိသင့်ပါတယ်"
သူမ အခုတော့ ပြုံးနိုင်ခဲ့ပြီ။ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲလာတဲ့ အပြုံးနဲ့ ပြုံးနိုင်ခဲ့ပါပြီ။ ကိုသူရဇော် ပြောတဲ့ စကားကို လှောင်ရယ်ချင်တာ မဟုတ်ပါဘူး။ တကယ်က အဲဒီလိုစကားတွေက သူမရင်ကို မတုန်လှုပ်စေတော့ဘူးဆိုတာ သူမကိုယ်သူမ သေချာသိလို့ ပြုံးလိုက်မိတဲ့အပြုံးပါ။ ကျေးဇူးတင်ပါတယ်ရှင်လို့ စိတ်ရှင်းရှင်းနဲ့ ပြောနိုင်ခဲ့ပါပြီ။ အခုတော့ သူမရင်ထဲ ပေါ့ပါးရှင်းလင်းလို့။ ကျားဆိုတဲ့ အသားစားသတ္တဝါတွေ ဥပုသ်မစောင့်ဘူးဆိုတာ သူမ သေချာသထက်သေချာအောင် ထပ်စမ်းဖို့မှ မလိုတော့တာ။ သူမ ယောက်ျားတွေနဲ့ ပတ်သက်ပြီး ဘာကိုမှ အယုံအကြည် မရှိတော့ဘူးဆိုတာ ကိုသူရဇော် သိမှ သိပါလေစ။ သူမ သူ့ရှေ့ကနေ လှည့်မထွက်ခင် ပြောခဲ့တဲ့ စကားတွေကိုတော့ ကိုသူရဇော် နားလည်နိုင်ပါစေ။
"ဘဝမှာ တစ်ခါပဲ သေပါရစေ။ ကိုယ်မယုံကြည်တဲ့ မယုံကြည်နိုင်တဲ့ ယုံဖို့လဲ ခဲယဉ်းတဲ့ ကိစ္စကို ယုံချင်အောင် မဆောင်ပါရစေနဲ့။ ဘဝမှာ အချစ်ကို မယုံလို့ အချစ်မရှိဘူးလို့ ပြောလို့သေရမယ်ဆိုရင်တောင် ညို သေဝံ့ပါပြီ။ အချစ်ကို ထပ်ယုံစားလို့ ပူပန်ရတာကြောင့်တော့ ထပ်ပြီးမသေပါရစေနဲ့။ ကိုသူရဇော်မှ မဟုတ်ပါဘူး။ ညို ဘယ်သူ့ကိုမှ မယုံကြည်နိုင်တော့လို့ပါ။ ညို့ကို ခွင့်လွှတ်ပါရှင်။ ဘဝမှာ သေရာပါမယ့် ဒဏ်ရာတစ်ခုပဲ အရင်ကျက်အောင် ကုစားပါရစေ။ တစ်ခါပဲ မျက်ကန်းဘဝရောက်ပါရစေရှင်။ ညို့ကို သွားခွင့်ပြုပါ။"
သူမ လှည့်ကြည့်စရာမလိုပဲနဲ့ ကိုသူရဇော် ဘယ်လိုပုံစံနဲ့ ကျန်ခဲ့မယ်ဆိုတာ သိလိုက်ပါရဲ့။ ဒါပေမယ့် နွယ်လေးညိုရဲ့ ခြေလှမ်းတွေကတော့ဖြင့် သေချာမှုတွေနဲ့ ရှေ့ကို ဆက်လို့ တိုးလို့ တိုးလို့သာ လျှောက်နိုင်ခဲ့ပါပြီ။
ခေးဟေသာ
No comments:
Post a Comment