ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Monday, September 16, 2013

မနိုးချင်ပါ

မနိုးချင်ပါ

တငြိမ့် ငြိမ့်  နဲ့  ဂျုန်းဂျုန်းဂျက်သံများကြောင့်  ဒါ သူမ ရထားစီးနေတာဟု သိလိုက်ရသည်။ မျက်လုံးများဖွင့် ကြည့် မိတော့ တဖက်ခုံမှာ ဖေကြီးက လှဲကာ အိပ်နေသည်။ ဟုတ်သားပဲ နွေရာသီကျောင်းပိတ်ရက် မန်လေးသို့ သွားလည်နေကြခြင်းဆိုတာ စိတ်ထဲက အလိုလိုနားလည်မိသည်။ သေချာအောင် အောက်ကို ငုံ့ ကြည့်မိတော့  သူမအိပ်နေသော ခုံအောက်မှာ မေကြီး အငယ်မ နဲ့  အလတ်ကောင်တို့ ခြေထောက်တွေ ခေါင်းက ဖေကြီးအိပ်နေသော ခုံအောက်ကို ပြုလျှက် ပလပ်စတစ်အခင်း တစ်ထပ် စောင် တစ်ထပ်ခင်းကာ အိပ်နေကြသည်။
သူမက ထို သို့ အောက်ဆင်းအိပ်လျှင် အသက်ရှူကျပ်တတ်သောကြောင့် နှစ်ယောက်ထိုင် ခုံတန်းပေါ်မှာသာ တစ်ယောက်တည်း အိပ်သည်။ တစ်ဘက်က နှစ်ယောက်ထိုင်ခုံမှာ ဖေကြီး။


ဟော ရထားကြီး အရှိန်နှေးနေပြီ ဥသြသံကြားနေရပြီဆိုတော့ ဘူတာဝင်တော့ မည်ပေါ့ ။ သူမ ထ ထိုင်ကာ ပြတင်းမှတဆင့် ကြည့် မိသည်။ ပျဉ်းမနားဘူတာ ။ သည်ဘူတာဆိုလျှင် သူမကြိုက်သော ကြံပန်းခိုင်သည်များ၇ှိသည်။ ရထားကြီး ရပ်လိုက်သောကြောင့် လား ဈေးသည်များ အသံကြောင့် လားမသိပါ အငယ်နှစ်ယောက်နိုးလာခဲ့ ပြီ။ ထုံးစံအတိုင်း ဟိုဟာပူဆာ သည်ဟာပူဆာ မေကြီးပါ ထ လာခဲ့ ချေပြီ။ သူမတို့ မောင်နှမ သုံးယောက် ကြံပန်းခိုင် တခုစီစားနေကြသည်။ နားထဲမှာ
"ရေ ရမယ် ရေ"
"ကြက်ဥပြုတ် ငုံးဥပြုတ် "
"ကြံပန်း ခိုင်"

ဈေးသည်တွေ၏ အသံများကိုလည်းကြားနေရသည်။ ကြံပန်းခိုင် စားရင် ပြေးလွှားရောင်းချနေသော သူမတို့ အရွယ်တူ ကလေးတွေကို စိတ်မကောင်းကြီးစွာငေးနေမိသည်။ ထိုစဉ် ရထားကြီးသည် ဥသြစွဲကာ ဂျိန်းကနေနေအောင် စတင်ထွက်ခွာပါတော့ သည်။ ထိုဂျိန်းကနဲ အသံကြောင့် သူမ ရင်ထဲထိတ်ကနဲ့ ဖြစ်သွားခြင်းနဲ့ အတူ လန့် ကာနိုးလာခဲ့ သည်။

အောက်ထပ်က ရေစက်မောင်းသံကြောင့် သူမ လန့် နိုးခြင်းပဲ။
ဟုတ်သားပဲ သူမသည် မူလတန်း အရွယ်ကလေးမလေးမဟုတ်တော့ သလို သူမ ရဲ့ ဖေကြီးနဲ့ မေကြီးလည်း မရှိတော့ ပြီပဲ။ ခဏက အိမ်မက်ထဲက မူကြိုအရွယ်အရုပ်ဆိုးဆိုး ကလေးမလေးသည်ပင် လုပ်သက် ၁၀နှစ်ရှိသည် ကျောင်းဆရာမ ဖြစ်နေခဲ့ ပြီ။ ပါးဖောင်းဖောင်း ဆံပင်နီနီ အသားညိုညို အလွန်ဆော့ သော ကောင်ကလေးသည် တပြည်တရွာမှာ ။ သူမကရော အရွယ်တော် တစိတ်ဟိုင်း ဟု ပြောစမှတ်ပြုရမည့် အရွယ်ပင်ရောက်နေခဲ့ ပြီ။

ထိုသို့ အိမ်မက်မျိုး မက်လျှင် သူမ မနိုးချင်ပါ။ ဒါတွေဟာ သူမဘ၀ရဲ့ ပျော်ရွှင်မှုစစ်စစ် နေ့ ရက်တွေ ။ အပူပင်ကင်းကင်း နေ့ ရက်တွေ။ ရွှေရောက်နေ့ ရက်တွေ ။ တန်ဖိုးမဖြတ်နိုင်တဲ့  ပြန်လည်မရနိုင်တော့ တဲ့ နေ့ ရက်တွေ။ သည်လိုနေ့ မျိုးတွေကို သူမ အိမ်မက်တွေထဲမှာပဲ ပိုင်ဆိုင်ခွင့် ရတော့ သည်။ ထိုအိမ်မက်မျိုးက နိုးထရလျှင် သူမပါးပြင်ပေါ်တွင် ဆိုဆွတ်သော ရေနွေးစီးချောင်းတခု စီးဆင်းရတတ်သည်။  သူမသည် တချိန်က အိမ် ရဲ့ နွေးထွေးမှုကို မသိခဲ့ ။ အစိုးရိမ်ပိုကာ ချုပ်ချယ်တတ်သော မိဘ နှစ်ပါးကို အလိုမကျပင် ဖြစ်ခဲ့ ဘူးသည် မဟုတ်ပါလား။

မိသားစု အပြည်အစုံရှိတဲ့  Home ဆိုတာ နွေးထွေး မှုအပြည့် ။ အခုသူမ အိမ်ကို သူမ Home ဟု မခေါ်ချင်ပါ house ဟုသာ သတ်မှတ်ချင်သည်။ အိပ်ယာထပြင်းသော သူမကို အကြီးမရေ ဟု အသံကျယ်ကျယ် နှိုးတတ်သော ဖေကြီးကို ယခုတိုင် လွမ်းမိဆဲ။ ဖေကြီးဆုံးကာစ က သူမ လွမ်းဆွတ်ခြင်း အားငယ်ခြင်း ဖြင့် ကျသည့် မျက်ရည်တွေကို မေကြီးနဲ့  အငယ်မ သိမှာစိုးသောကြောင့်  ရေချိုးရင်း ခိုးငိုရသည်။ မေကြီးနှင့် အတူအိပ်သောကြောင့် အိပ်ယာထဲတွင် လည်း ခိုး ငိုရ်ျမရ။
ထိုစဉ်က ဖြေသာသေးသည် အရာရာအစိုးရိမ်ကြီးသော မေကြီးက ရှိနေသေးသည်။

အရင်က စိတ်ကျဉ်းကျပ်သည်ဟု ထင်ခဲ့ သော ချုပ်ချယ်မှုများကို အခုချိန်မှာပြန်လိုချင်သည်။ ဖြစ်နိုင်လျှင်ကလေးလေးဘ၀ဖြစ်ချင်သည်။

ထိုစဉ်က နွေရာသီရောက်ခါနီးလျှင် အလွန်ပျော်သည်။ စာမေးပွဲပြီးလျှင် မန်းလေးသို့ သွားရမည်။ ထိုအချိန်တွင် မေကြီးတို့ ကိုယ်တိုင်လည်း အထုပ်တပြင်ပြင်။ ဘယ်သူဖို့ ဘာဝယ်သွားမည်။ စီစဉ်ကြသည်။ သူမတို့  ကိုယ်တိုင်လည်း ရန်ကုန်ထက်စာလျှုင် ပိုလွတ်လပ်သော ကစားဖော်သူငယ်ချင်းတွေ၇ှိသော ဆွေမျိုးတွေစုံသော မန်းလေးကို သွားဖို့  တက်ကြွနေကြသည်။ သည်လိုနဲ့ မန်းလေးသွားသည့် အချိန်ရောက်ခဲ့ ပြီ။

ရထား ဘော်... ဘူ ဥသြသံကို ကြားရတိုင်း ထိုစဉ်က ပျော်ရွှင်ခဲ့ သည်။ ရန်ကုန်ဘူတာက ထွက်ပြီးမကြာမီ သင်္ဃန်းကျွန်းဘူတာကို ရထားပေါ်မှ နေ မလွတ်တမ်းကြည့် ကြတာ ကျမတို့ မောင်နှမတွေအကျင့် ။ ရထားပေါ်မှမြင်ရသော ကျမတို့ မူလတန်းကျောင်းလေးအား လက်ညှိုးထိုးကာ အလုအယက်အော်နေမြဲပင်. ပြတင်းပေါက်မှာ နေရာလုကာ အမြဲထိုင်နေကျ ဘိုကျသော အငယ်မက ခုန်ပေါ်မှာ ထိုင်ချင်သည်။ အလည်မှာ ချထားသော ခြင်းပေါ်တွင် မောင်နှမတွေတယောက်တလှည့်  ထိုင်ကြရသည်။ ပဲခူးရောက်ခါနီးဆို သူမတို့  ဂျိုင့် တွေဖွင့် ကာ ထမင်းစားကြသည်။ တခါက အငယ်မ သည် ရထားပေါ်တွင် ရောင်းသော ရေခဲစိမ်ဘီယာကို ငိုယိုပူဆာဖူးသည်။ ဖေကြီးက အလိုလိုက်နေကြအတိုင်း ဘီယာတဘူးဝယ်တိုက်လိုက်ကာမှ သောက်ပြီး မူးမူးနဲ့ အိပ်ပျော်သွားတာ ရာဇ၀င်တင်ခဲ့ လေသည်။ ထိုစဉ်က အငယ်မ သုံးနှစ်လောက်သာရှိအုန်းမည် ထင်ပါသည်။

ရန်ကုန်အထွက် လယ်ကွင်းတွေကနေ မန်းလေးနဲ့ နီးလာတော့ နေကြာခင်းတွေ ပဲပင်လို့ ပြောသည့် အခင်းတွေ တောင်တန်းတွေ သည် ငေးမဆုံးခဲ့  တဖြည်းဖြည်းနီးလာလေ စိတ်ထဲတက်ကြွပျော်ရွှင်လေ။ သည်လို ခရီးတွေ ငယ်စဉ်က နှစ်စဉ်မပျက်မကွက်သွားနိုင်ခဲ့ သော်လည်း သူမတို့ အရွယ်ရောက်တဲ့ အချိန်မှာ မိသားစု ဆုံဆုံလင်လင်မခရီးမသွားခဲ့ ဖူးဘူး ထင်ပါသည်။ အချိန်တွေပြန်ပြင်လို့ ရလျှင် အလတ်ကောင် ဟိုကို မသွားခင် ဖေကြီး မေကြီး တို့ အားလုံး၇ှိနေစဉ် ခရီးတခုခု မိသားစု စုံစုံလင်လင်သွားမည်။ သွားဖြစ်အောင်သွားမည်။ ထိုသို သွားခဲ့ လျှင် သူမအိမ်မက်ထဲတွင် သူမသည် မူလတန်းကလေးမလေး ဟုတ်တော့ မည် မဟုတ်ပေ။ သို့ သော် သူမသည် သူမအိမ်မက်ထဲက မျက်လုံးဝိုင်းဝိုင်း မျက်သားပြာလဲ့ လဲ ပါးဖောင်းဖောင်း အသားဖြူဖြူ သေးသေးကွေးကွေး ဆံပင်နီကြောင်ကြောင် ပါးပါးဆာမူရိုင်းဆံပင်ကေနှင့်  ကောင်မလေးကို အားကျမိသည်။ ထိုကောင်မဘေး လို အပူပင်ကင်းချင်သည်ပျော်ရွင်ချင်သည်။ ထိုကောင်မလေး ဘ၀သာပြန်ရမည်ဆိုလျှင် တသက်လုံးမနိုးတမ်းအိပ်ချင်ပါတော့ သည်။

No comments:

Post a Comment