သက်ပြင်းဖြစ်သွားတဲ့ ဆန္ဒတွေကို
ပြန်ပြန်ပြီး မျိုချနေရတာ ခါးလိုက်တာ
တစ်နှစ်ဆိုတဲ့အချိန်ဟာ
ဘာမှမကြာလိုက်သလို ကုန်ဆုံးသွားပြန်ပါပြီပေါ့လား
အတိတ်ဆိုတာ အရိပ်
အချစ်ဆိုတာ တိမ်တွေလိုပါပဲလို့
ညွှန်းဆိုတင်စားထားတာ တွေ့ဖူးတယ်
ကျွန်မသိတဲ့ အချစ်ဆိုတာလည်း တိမ်တွေလိုပါပဲ
ကျွန်မအပေါ်ထားတဲ့ချစ်သူရဲ့အချစ်တွေ
တိမ်တွေလို မျောလွင့်ပျောက်ကွယ်ပြီး
ချစ်သူရဲ့အပြောလေးတွေကလည်း
သူစိမ်းဆန်ကာအေးစက်မာကျောသွားပေမယ့်
ယုံကြည်လို့ မရသေးပါဘူး
သက္ကရာဇ်တစ်ခုရဲ့ လတစ်လထဲမှာ
ကျွန်မကို နှုတ်မဆက်လက်မပြဘဲ
လမ်းခွဲပြီး ထားရက်ခဲ့မယ်လို့လေ
လမ်းခွဲရှောင်ပုန်း ကျွန်မကို ချစ်သူမုန်းလည်း
ချစ်သူကို ကျွန်မ မုန်းမေ့လို့မရပါလား
ရင်ထဲကမပြယ်တဲ့သစ္စာနဲ့
ကျွန်မအချစ်တွေ ချစ်သူအပေါ် တည်ဆဲပါပဲ
လမ်းခွဲထားရစ်လို့ ကျွန်မအပေါ်
ဥပေက္ခာပြုစိမ်းကားနိုင်ရက်လည်း
ချစ်သူသာလျှင် ကျွန်မရဲ့ထာဝရအရှင်သခင်ရယ်လို့
နှလုံးသားထဲ စွဲမြဲကာမှတ်ယူထားပြီမို့
တစ်နေ့နေ့မှာ ကျွန်မဆီ
မျက်စိလည်လမ်းမှား ချစ်သူပြန်လာလေမလားလို့
မျှော်လင့်ချက်လေးခပ်ပါးပါးထား
မိုက်မဲတဲ့နှလုံးသားအလိုကိုလိုက် အမှတ်မရှိတဲ့အသည်းနဲ့
ချစ်သူအနားအမှုတော်ထမ်းကာ လိုအင်ဖြည့်ဆည်းလို့
ချစ်သူရဲ့ကျေးကျွန်သုံ့ပန်းအဖြစ် ရှိနေပေးမယ်
ကျွန်မရဲ့အသဲပုလ္လင်မှာ ချစ်သူကို အမြဲနန်းတင်ရင်းနဲ့ပေါ့.....။
ဖြူဖြူ(ကိုယ်ပိုင်အိမ်).....2.1.2014(13း0pm)
No comments:
Post a Comment